အိုးတော်ဗလီ ၊ စာဆိုဦးနုအုတ်ဂူ၊ ဘိုင်ဆပ်(သို့)ဦးပိန်ဟု ယူဆကြသောအုတ်ဂူ၊ ဒါရဂါတော်(သခင်ကြီး အာဗျစ်ဒ်ရှာဒီဟ်ုစိုင်နီ၏ဂူဗိမာန်)
(၁) အိုးတော်ဗလီ
တည်နေရာ – အမရပူရ အိုးတော်ရပ်ကွက်တစ်နေရာ(သိမ်ကြီးဈေးအနား) ၊ အနောက်ဘက်နှစ်အိမ်လောက်ကျော်ပြီး အတွင်းဘက်ကိုဝင်ကြည့်ရပါတယ်။
ဘိုးတော်ဘုရားက အိုးတော်ဗလီကို အစ္စလာမ်ဘာသာဝင်စစ်သည်များအတွက် နေရာချထားပေးရာ အိုးတော်ရပ်ကွက်မှာ ဆောက်ခွင့်ပြုခဲ့တာဖြစ်တယ်လို့ ဆိုရမှာပါ။ နှစ်ပေါင်း တစ်ရာကျော်တိုင်အောင်တည်ရှိလာခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာမှ ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ ၂၉လမ်း ၈၁×၈၂အကြားမှာ ကိုလိုနီခေတ်က တည်ထောင်ခဲ့တဲ့ အိုးတော်ဗလီအသစ်ကို တွေ့နိုင်ပါတယ်။



(၂)ရွှေတောင်သာဂသူဘွဲ့ရ ရမ္မဝတီမြို့ဝန် စာဆိုတော်ဦးနု ဂူဗိမာန်
တည်နေရာ – လင်းဇင်းကုန်းသုသာန်၊ မွတ်ဆလင်သုသာန်ဟောင်း
ဦးနုကို ၁၇၆၂ ရွှေဘိုမျာ မွေးဖွားခဲ့ပါတယ်။ ငယ်နာမည်မောင်နုဖြစ်ပြီး ဘာသာရေးဘွဲ့အမည်ကတော့ မုဟမ္မဒ်ကာဆင် ဖြစ်ပါတယ်။ ငယ်စဉ် ၇နှစ်အရွယ်မှာ ဘိုးတော်ဘုရားဖြစ်လာမယ့် မောင်ဝိုင်းနဲ့အတူ အင်းဝနန်းဦး ဆည်တော်ကျောင်းတိုက်မှာ မြန်မာစာပေဂန္တဝင်၊ ရာဇဝင်နဲ့ ဗေဒင်ပညာများကို သင်ကြား လေ့လာခဲ့တယ်လို့ ဆိုပါတယ်။ ဗေဒင်ပညာတွက်နည်းတွေနဲ့ သင်္ကြန်တွက်ရိုးတွေကို ကျွမ်းကျင်တတ် မြောက်တဲ့အပြင် မြန်မာဂန္တဝင် ရာဇဝင်၊ ရတု၊ ဧချင်းစတာတွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက် ခဲ့ပါတယ်။
၁၉နှစ်အရွယ်မျာ ဖခင်နဲ့အတူ ရန်ကုန်ကိုရောက်လာတော့ ဆီးယီးယားနိုင်ငံက ကြွရောက်လာတဲ့ သခင်ကြီး စိုက်ယစ်မိုဟမ္မဒ်ဆီမှာ အစ္စလာမ်စာပေ ပရိယတ်နဲ့ အာရဗီ၊ အူရဒနဲ့ ဖာရစီ စတဲ့ စာပေများကို လေ့လာသင်ယူခွင့်ရခဲ့ပါတယ်။ အသက် ၂၆နှစ်မှာ နေပြည်တော်ပြန်ရောက်လာပြီး ရှိတ်ခ်အလီရဲ့ သမီးထွေး မမယ်မနဲ့ အိမ်ထောင်ပြုပါတယ်။ မြန်မာ၊ပါဠိ၊သက္ကတ၊ အာရဗီ၊ ဖရာစီ၊ အူရဒူ၊ ဟိန္ဒူစတန်နီနဲ့ ဒက္ခဏီဘာသာစကားများကိုလည်း တတ်ကျွမ်းသေးတယ်လို့ သိရပါတယ်။ အသက်၂၉နှစ်မှာ ၁၁ခန်း ကျမ်းကို ပြုစုပြီး၊ အသက်၃၂မှာတော့ ၃ခန်းကျမ်းကို ပြုစုပြန်ပါသတဲ့။
သက္ကရာဇ် ၁၁၆၇၊ ဦးနု အသက်၄၃နှစ်မှာ ဘင်္ဂလားအထိသွားရောက်ပြီး ကွမ်းသီးများကို ကုန်သွယ် ခဲ့ပါတယ်။ ဘင်္ဂလားသွားအတွေ့အကြုံများကို အခြေခံပြီး ဘင်္ဂလားခရီးသွားမှတ်တမ်းအလင်္ကာ ၅၅ပိုဒ်ကို ရေးသားခဲ့ပါတယ်။ ဗဒုံမင်းတရားကြီးက ဦးနုကို တခြားအဖွဲ့ဝင်များနဲ့အတူ အိန္ဒိယကို စေလွှတ်ပြိး လောကီ လောကုတ္တရာကျမ်းများ၊ ဆေးကျမ်းများ စတာတွေကို ရှာဖွေစုဆောင်းဖို့ လွှတ်ခဲ့သေးတယ်လို့ သိရပါတယ်။ စာဆိုတော်ဦးနုကို မင်းတရားကြီးက အတော်လေး အလေးပေးပြီး အရေးတယူရှိလှတယ်လို့လည်း ဆိုပါတယ်။ ဦးနုရဲ့သမီးငယ် မမဒွေးကို နန်းမတော်မိဖုရားကြီးက သူ့သမီးတော် အိမ်ရှေ့မင်းသမီးလေး ဝင်စားတယ်လို့ အယူရှိတာကြောင့် ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
စာဆိုတော်ဦးနုဟာ မွတ်ဆလင်တစ်ယောက်ဖြစ်ပေမယ့်လည်း မြန်မာ့ဟန်ပန်ထုံမွှန်းတဲ့ စာပေတွေကို ရေးသားစပ်ဆိုခဲ့တဲ့ စာဆိုတစ်ဦးဖြစ်သလို အစ္စလာမ်ဘာသာရေးနဲ့ ဆိုင်တဲ့ကျမ်းပေါင်းများစွာကိုလည်း ရေးသားခဲ့တဲ့ ပညာရှိတစ်ဦးလည်း ဖြစ်ပါတယ်။အခက်အခဲတွေ အမျိုးမျိုးရှိနေတဲ့ကြားက စာဆိုတော်ဦးနုဘာသာပြန်ခဲ့တဲ့ ပထမဆုံး ကုရ်အာန် မြန်မာဘာသာပြန်ကျမ်းကြီး ဟာ မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်တွေအတွက် အတော်ကို အကျိုးထူးစေတယ်လို့ သိရပါတယ်။
အသက်၆၀အရွယ် ခရစ်နှစ် ၁၈၂၂ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး အမရပူရ လင်းဇင်းကုန်းမွတ်ဆလင် သုသာန်မှာ သဂြိုဟ်ခဲ့ပြီး သဂြိုဟ်ခဲ့တဲ့နေရာမှာ အထိမ်းအမှတ်ဂူပြုလုပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။


(၃)မြို့ဝန်ဘိုင်ဆပ်(သို့)ဦးပိန်(တောင်သမန်တံတားဆောက်ခဲ့တဲ့ဦးပိန်) ဟု ယူဆကြသော အုတ်ဂူ
တည်နေရာ – လင်းဇင်းကုန်းသုသာန်၊ မွတ်ဆလင်သုသာန်ဟောင်း
စာဆိုတော်ဦးနုရဲ့ အထိမ်းအမှတ်ဂူရဲ့ ခပ်လှမ်းလှမ်းမှာ မြို့ဝန်ဘိုင်ဆပ်(သို့)ဦးပိန်(တောင်သမန်တံတားဆောက်ခဲ့တဲ့ဦးပိန်) ဟု ယူဆကြသော အုတ်ဂူ ကို တွေ့ရပါတယ်။ ဘာအထောက်အထား ဘာစာမှရေးသားထားခြင်းမရှိတာကြောင့်၊ မတွေ့ရတာကြောင့် ဘယ်သူရဲ့ အထိမ်းအမှတ်ဂူလို့ အတိအကျပြောဖို့ ခက်နေပြန်ပါတယ်လို့ မှတ်သားရပါတယ်။



(၄)ဒရ်ဂါတော်
တည်နေရာ- မယ်ဇယ်တန်းမြောက်ဘက် ဘုရားနီဘုရားအနောက်ဘက် အိုးတော်ရပ်ကွက် အမှိုက်စုရပ်၏ အရှေ့စွန်း လင်းဇင်းကုန်းသုသာန်မြေတွင် တည်ရှိပါသည်။
ဒရ်ဂါတော်သည် သခင်ကြီး အာဗျစ်ဒ်ရှာဒီဟိုစိုင်နီ၏ ဂူဗိမာန်ဖြစ်သည်။ သက္ကရာဇ် ၁၁၃၇ခုနှစ်တွင် ဖွားမြင်သည်။ အမရပူရနေပြည်တော်သို့ ၁၉နှစ်သားအရွယ်တွင် ရောက်ရှိသည်။ ၁၁၇၆ခုနှစ်၊ အသက် ၃၉နှစ်အရွယ်တွင် ဘဝတစ်ပါးသို့ပြောင်းကြွသည်။ အမရပူရဘိုးတော်မင်းတရားလက်ထက် နှစ်ပေါင်း (၂၀) တိတိ အစ္စလာမ်သာသနာပိုင်အဖြစ် ခန့်အပ်ထမ်းဆောင်ခဲ့သည်။ တစ်ခုသော စကားဝါ ဥယျာဉ်ထဲတွင် သခင် ထိုင်နေတော်မူရာ အေးဆေးငြိမ်းချမ်းလှသဖြင့် ‘ငါကွယ်လွန်လျှင် ဤနေရာတွင် (ဒဗ္ဗနာ) သဂြိုဟ်ခြင်း ပြုရမည်ဟု’ (ဝစ္စီယတ်) မှာထားခြင်းဖြစ်သည်။ ပုဏ္ဏားဝန်မင်းက ထိုဥယျာဉ်မြေကို ဝယ်ယူ၍ သခင်နာမည်ဖြင့် လှူ၏။ ကွယ်လွန်သောအခါ ထိုနေရာ၌ မြှုပ်နှံသည်။ ဒရဂါ၏ အမည်မှာ ကွန်းခိုရာ ဟု အဓိပ္ပာယ်ရသည်။




ကိုးကား
ကိုပညာ (အမရပူရ) – ( တောင်သမန်ဝန်းကျင်သမိုင်းဝင်နေရာများ)
ရန်နောင်စိုး(ထားဝယ်) -မန္တလေးမြို့ကို ဗဟိုပြု၍
စာကြွင်း – အိုးတော်ဗလီက တော်တော်လေးမေးမြန်းပြီးသွားရပါတယ်။ အဲ့နားနေကြတဲ့သူလောက်ပဲသိပြီး နည်းနည်းလောက်လှမ်းသွားရင်ကို မသိကြတော့ပါဘူး။ အိမ်ကြိုအိမ်ကြားထဲမှာရှိတာပါ။
စာဆိုဦးနုအုတ်ဂူရယ်၊ ဘိုင်ဆပ်(သို့)ဦးပိန်ရဲ့အုတ်ဂူရယ်ကတော့ အိမ်ကြိုအိမ်ကြား အမှိုက်သရိုက်တွေ ခြုံတွေကြားမှာပါ။ ချောင်ကြိုချောင်ကြားတွေထဲ သွားရတာမို့ မြွေပါးကင်းပါးဂရုစိုက်ပါ။
ဒရဂါတော်ကတော့ အဆောက်အအုံခပ်ကြီးကြီးပါ။ အစ္စလာမ်ဘာသာဝင်တွေ ဘုရားရှိခိုးနေတတ်ကြပါတယ်။ ဒါပေမဲ့ ရင်းရင်းနှီးနှီးဖော်ဖော်ရွေရွေနဲ့ ရှင်းပြကြပါတယ်။ ဝင်ရောက်လေ့လာလို့ရပါတယ်။
ခင်မြန်မာ