2025ခုနှစ်ရဲ့ မတ်လဟာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ အထွဋ်မြတ်ထားရာ ဥပုသ်ကာလပါ။ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဥပုသ်စောင့်ထိန်းမှုဟာ မနက်အာရုဏ်တက်ချိန် မတိုင်ခင်မှာ ဝါထမင်း ထစားကြပြီးနောက် တစ်နေကုန် အစားအစာ ၊ အရည် ၊ အငွေ့ သောက်သုံးခြင်းမရှိပဲ သီလကျင့်ကြံကြပြီး၊ ညနေနေဝင်ချိန်မှာ ဥပုသ် ထွက်ကြပါတယ်။ ရိုးရိုးရှင်းရှင်း ကျင့်ကြံနေထိုင်ခြင်းနဲ့ ကိုယ်ချင်းစာတရား ၊ သည်းခံခြင်းတရား ပွားများရတဲ့ လမြတ်တခုလို့ အမြင်အားဖြင့်ရှုမြင်နိုင်ပါတယ်။
ကျွန်တော်တို့လို့ လူငယ်တွေအတွက်တော့ ဒီရာမဒွါန် ဥပုသ်လဆိုတာ ပျော်ရွှင်စရာလမြတ်တခုပေါ့ဗျာ။အရင်ကဆိုရင် မနက်ပိုင်း အမေ( အဒေါ်ကြီး ) ချက်ကျွေးတဲ့ ဟင်းပူပူလေးနဲ့ မိသားစုတွေ ဝါထမင်း ထစားကြမယ်။ ညနေဆို ဝါဖြေဖို့ မုန့်ဈေးတန်းပတ်မယ် ၊ အရသာရှိတဲ့ မုန့်တွေကို မျက်စိလောဘနဲ့ဝယ်မယ် ၊ အိမ်ကမိသားစုတွေစုံလင်စွာ ဝါဖြေကြမယ်ပေါ့ဗျာ။
တစ်ခါတလေတော့ သူငယ်ချင်း အပေါင်းသင်းတွေနဲ့ ဆိုင်တွေမှာ ဝါဖြေစာ အကောင်းစားကြီးတွေ၊အရသာရှိပါပေ့ ဆိုတာတွေနဲ့ ဝါဖြေမယ်။ ပြီးရင်တော့ ဗလီသွား ဘုရားဝတ်ပြု ၊ ညဘက် ဘော်ဒါတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပေါ့ဗျာ။ပျော်ရွှင်စရာတွေအပြည့်နဲ့ပေါ့။ကိုယ်ချင်းစာတရား ကျင့်ကြံတဲ့အနေနဲ့တော့ တစ်ခါတလေ အလှူလုပ်တယ်ပေါ့ ( လှူနေတာကို လိုင်းပေါ်တင်ပြီး သူတော်ကောင်းတရား ကျင့်ကြံရခြင်းတော့မလုပ်ဖြစ်ပါဘူး)။ တစ်ခါတစ်ခါတော့ ကိုယ်ဝါဖြေလို့ ပိုတာတွေကို တောင်းရမ်းနေသူတွေကို သွားပေးတယ် ။ ဒီလိုမျိုး ဖြတ်သန်းခဲ့ကြတယ်ပေါ့ဗျာ။ အနုပညာတစ်ခုကို အစပထမအကြိမ် တီးခတ်စဉ်ကလိုပေါ့ဗျာ။ တီးလို့ အသံလေးထွက်၊ rhythm လေးမှန်လာရင် အနုပညာပါပေါ့။
အခုအချိန်မှာတော့ ကျွန်တော့်အတွက် ဒီမြင့်မြတ်တဲ့
ရမဒွါန်လဟာ ပိုပြီး တန်ဖိုးရှိလာတယ် ၊အသက်ဝင်လာတယ်လို့ ခံစားရစေပါတယ်။ မနက်မိုးသောက်ယံ မတိုင်ခင် ဝါထမင်းထစားဖို့အတွက် ကျွန်တော်တို့မှာ အထူးအထွေ ဘာမှသိပ်မရှိပါဘူး။ဟင်းကျန်တာရှိရင် ( ကြက်ဥ ၊ အသားတု ၊ အသီးရွက်တခုခုပေါ့ဗျာ ) အဲ့တာနဲ့စားတယ် ။မရှိရင် ကျွန်တော်တို့ရဲ့ ပရိုတိန်းဓာတ် ကြက်ဥကြော် ၊ ထမင်းဖြူပေါ့ဗျာ။ တစ်ခါတလေ ငရုတ်သီးကြော်လေးဘာလေး (အလှူရှင်ရှိရင်ပေါ့)။စားပီးရင် ဆေးလိပ်ကို အိမ်လွမ်းဝေဒနာနဲ့ မီးညှိပြီးခဲရင်း အရင်ကအကြောင်းတွေ စမြှုံ့ပြန်တယ်ပေါ့ဗျာ။ ပြီးရင်ဘုရားလေးရှိခိုး တာဝန်နဲ့ လုပ်စရာရှိတာလုပ် ၊ လှုပ်စရာရှိတာလှုပ်နဲ့ တစ်နေကုန်ကိုကျော်ဖြတ်တော့တာပါပဲ ။
ဒီနှစ်တွေဆိုရင် ပွင့်လင်းရာသီမှာ ဥပုသ်ကာလကျရောက်တော့ ဥပုသ်နဲ့ တိုက်ပွဲရဲ့ လွင်ပြင်ကြီးထဲ ငတ်မွတ်လျက်ပေါ့။တောင့်မခံနိုင်တော့ရင် ဝါဖြေလိုက်ပေါ့ ။ တစ်ခါတလေဆို ဟိုသွားဒီသွား စစ်ရှောင်စခန်းတွေဘက်သွားရင် ဘောင်းဘီကျွတ်လေးတွေ ၊ အကျင်္ီ ပေစုပ်စုပ် နှပ်တွဲလဲနဲ့ ဗိုက်ဆာနေတဲ့ ကလေးတွေ အရိုးအပြိုင်းပြိုင်းကျနေတဲ့ အမယ်အိုတွေကို တွေ့မိရင် ” ကိုယ်ချင်းစာတရားလက်ကိုင်ထားရတဲ့ လ ” ဆိုတဲ့ အဓိပ္ပါယ်ကို မြဲမြံစွာ ကျင့်ကြံဖို့ ကျွန်တော့်နှလုံးသားထဲရောက်စေပါတယ်။ အငတ်ခံရခြင်းရဲ့ အရသာကို သည်ဆင်းရဲဒုက္ခတွင်းက မြင်ကွင်းတွေနဲ့ ရောယှက် အရသာခံကြည့်ခြင်းဟာ ငါတို့အတူလွတ်မြောက်ရမယ်ဆိုတဲ့ ယုံကြည်ချက်အတွက် ပိုခိုင်မြဲစေခဲ့ပါတယ်။ ဆင်းရဲခြင်းထဲက လွတ်မြောက်အောင်ကြိုးစားပေးခြင်းဆိုတဲ့ အလှူကို ဒီနှစ်ရမဿွာန်မှာတော့ လှူဒါန်းချင်စိတ်ပိုမိုအားကောင်းစေခဲ့တယ်ပေါ့ဗျာ။
ဒီလိုနဲ့ ညနေစောင်းလာရင် ကျွန်တော်တို့ ဝါဖြေဖို့စတင်ကြပီပေါ့ဗျာ။ ဝါဖြေချိန်ကျရင်တော့ ဝါထမင်းထစားတဲ့ အချိန်လိုမဟုတ်တော့ဘူးဗျ။ လူစည်စည်ကားကားဖြစ်သွားပြီ။ကိုးကွယ်မှုမတူပေမယ့် ခံယူချက်ခြင်း မွေးဖွားမှုခြင်း တူညီတဲ့ ညီကိုရဲဘော်တွေ နဲ့ တရုန်းရုန်းပေါ့။ ဘာချက်မလဲ ဘာစားမလဲသာပြော ခေါက်ဆွဲကြော်လား ၊ ထမင်းကြော်လား ၊ ယိုးဒယားလိုစားချင်လား ၊တရုတ်လိုစားချင်လား ၊ပန်းသေးလား ၊ euro စတ်ုင်လား ( ဆား၊အချိုမှုန့်၊ ငရုတ်သီးမှုန့် ၊ မဆလာ ဒါပဲရှိတာ ) ဖြစ်တယ်နော် ။ စားစရာတွေကို ကိုယ့်ဟာကိုယ်ချက်၊ ကိုယ့်ဟာကိုယ်နာမည်ပေးမယ်။ ရေခဲရရင် အအေးဖျော်မယ် ၊ အမိုးဖရဲခင်း သီးရင် ၃လုံးဝယ် ၂လုံး အလကားယူမယ်။ ဝါဖြေဝိုင်းဟာ သူ့ဟာသူ အရောင်သွေးစုံသွားတာပါပဲ ။လူတွေဟာလည်း စုံသွားတာပါပဲ။ နေဝင်ချိန် နာရီကြည့်ရင် ဥပုသ်စောင့်သူတွေက အအေးကို မျက်စပစ်တယ် ၊ ကျန်ရဲဘော်တွေကတော့ စားစရာတွေကို မျက်စပစ် လက်စပစ်ပေါ့။ ချစ်စရာပေါ့ဗျာ။ ကျွန်တော်တို့ မစားမချင်း သူတို့မစားကြဘူး ‘ဝါဖြေတော့မယ်လေ’ လို့သာ တွင်တွင်အော်နေကြပေါ့။
ခင်ဗျားတို့သိလား။ ကျွန်တော်တို့ဟာ ဒီရေ ဒီမြေမှာပဲ တစ်ချိန်တုန်းက လူတစ်စုရဲ့ ” မှိုင်း “တွေကြောင့် သင်္ကာမကင်း၊ ချစ်ခြင်းဝေးကွာပြီး သူ့ယဉ်ကျေးမှု ကိုယ့်ယဉ်ကျေးမှုကို ရန်လိုစရာလို ၊ ရွံရှာစရာလို တွေးဖြစ်ခဲ့ကြသူတွေပေါ့။ဒီဘက်အုပ်စုကလည်း ဒီကောင်တွေအမျိုးက ဒီလိုယုတ်ညံ့တာကွ၊ ဟိုဘက်အုပ်စုကလည်း ဒီကောင်တွေအမျိုးက ဟိုလိုယုတ်ညံ့တာကွပေါ့။ အခုတော့ ဒီမြင့်မြတ်တဲ့ ကျွန်တော်တို့ ဥပုသ်လမှာ မတူညီတဲ့ လူမျိုးစုတွေကြားထဲက စုံလင်တဲ့ချစ်ခြင်းတရားတွေကို ကျွန်တော်တို့လက်ခံရရှိခဲ့ကြတယ်။ သူ့ယဉ်ကျေးမှု၊ကိုယ့်ယဉ်ကျေးမှုမှာ ကျွန်တော်တို့ဟာ အတူယှဉ်တွဲပါဝင်ဖြတ်သန်းခဲ့ကြတယ်။ ဒီအချင်းအရာဟာ ငြိမ်းချမ်းခြင်းတရားကို ရရှိစေတာပါပဲ။ ရာမဒွါန်ဟာ ငြိမ်းချမ်းမှု အပေါင်းနှင့် ချစ်ခြင်းတရားကို ခညောင်းစေပါတယ်တဲ့။
မိတ်ဆွေများခင်ဗျား အမြင်တွေတူချင်မှ တူပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ရမဒွါန်ဟာ အစာအငတ်ခံ ၊ ဘုရားစာရွတ်ဖတ်၊ ဘုရားရှိခိုးရုံသက်သက်နဲ့ အနှစ်သာရ အပြည့်အစုံကို ခံစားရမှာ မဟုတ်ဘူးလို့ ကျွန်တော်ခံယူပါတယ် ။ အရင်အချိန်တွေလို မိသားစု စုံလင်ခြင်းတွေ ၊ပျော်ရွှင်ခြင်းတွေကို စွန့်လွတ်ခဲ့ရသော်ငြား ကျွန်တော်တို့ဟာ လူ့အသိုင်းအဝိုင်းထံမှာ နှလုံးသားဖြင့်နူးညံ့စွာခံစား၍ရနိုင်သော လက်ဆောင်ကောင်းများကို ရရှိခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ ကိုးကွယ်ခြင်းမတူညီပေမယ့် ခံယူချက်ခြင်းတူညီတဲ့ ညီအစ်ကိုတွေ၊ ဒုတိယမိသားစုတွေနဲ့ ကျွန်တော်တို့ရဲ့ ရမဒွါန် ဥပုသ်လကို ဖြတ်သန်းခွင့်ရရှိခဲ့ခြင်းဟာလည်း လက်ဆောင်မွန်ပါပဲ။
ချစ်လှစွာသော ရမဒွါန်ရေ
ဆာလောင်မွတ်သိပ်ခြင်းတွေကို သည်းခံရင်း
ကိုယ်ချင်းစာတရား မွေးမြူနိုင်ခြင်း ထွန်းကားပါစေ…
အဖိနှိပ်ခံ ပြည်သူတွေပေါ် မျှဝေကူညီမှု ကြွယ်ဝပါစေ…
လွတ်မြောက်မှုအတွက် အတူတကွကြိုးစားမှု ဖြစ်တည်ပါစေ…
နီးကပ်တဲ့အဝန်းအဝိုင်းထဲက အပြန်အလှန်နားလည်မှုတွေကတစ်ဆင့်
ကျယ်ပြန့်တဲ့အဝန်းအဝိုင်းကလည်း ဒဏ်ရာတွေကို
သဘောထားပြည့်ဝစွာ အပြန်အလှန်ကုစားပေးနိုင်ပါစေ။
ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်မှု အောင်မြင်ပါစေ…
လင်းမြတ် ( Ababil )