ဆီးရီးယားမှာ လူသားချင်းစာနာထောက်ထားရေးပံ့ပိုးကူညီမှုအဖြစ် အမေရိကန်ဒေါ်လာ ၁၂ သန်း ထောက်ပံ့ပေးသွားမယ်လို့ ကနေဒါကြေငြာ

၁၃နှစ်ကြာမြင့်ခဲ့တဲ့ ပဋိပက္ခတွေအပြီး လူဦးရေ၇၀%နီးပါး အရေးပေါ်ထောက်ပံ့ရေးအကူအညီတွေလိုအပ်နေတဲ့ ဆီးရီးယားမှာ လူသားချင်းစာနာထောက်ထားရေးအခြေအနေတွေ ပံ့ပိုးကူညီဖို့ ကနေဒါက အမေရိကန်ဒေါ်လာ ၁၁.၉ သန်း ထောက်ပံ့ပေးသွားမယ်လို့ တနင်္လာနေ့က ကတိပြုခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

“ဆီးရီးယားမှာ ဆိုးရွားနေတဲ့လူသားချင်းစာနာထောက်ထားရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ကနေဒါကအလွန်စိုးရိမ်ပူပန်လျက်ရှိပါတယ်” လို့ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောကြားခဲ့ပါတယ်။

ကနေဒါအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး အာမက်ဟူဆန်ရဲ့မကြာသေးမီက ကာတာ၊ ဆော်ဒီနဲ့ တူရကီ သို့သွားရောက်ခဲ့တဲ့ ခရီးစဉ်ဟာ ဆီးရီးယားသမ္မတအာဆတ်အစိုးရ ပြုတ်ကျချိန်မှစပြီး တူရကီနဲ့ ဆီးရီးယားနယ်စပ်ဒေသသို့ ပထမဆုံးသွားရောက်ခဲ့တဲ့ ကနေဒါကိုယ်စားလှယ်အဖွဲ့ဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ကိုးကားဖော်ပြခဲ့ပါတယ်။

ဆီးရီးယားပြည်သူတွေအပေါ် ကနေဒါရဲ့ ကတိကဝတ်ကို ဟူဆန်က ထပ်လောင်းအတည်ပြုလိုက်ပြီး ၎င်းတို့ရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြေရှင်းဖို့အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ရန်ပုံငွေ ကနေဒါဒေါ်လာ ၁၇.၂၅ သန်း (အမေရိကန်ဒေါ်လာ ၁၁.၉၇ သန်း) ရှိကြောင်း ကြေညာခဲ့ပြီး ရန်ပုံငွေကို အတွေ့အကြုံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်တွေကတစ်ဆင့် ပေးအပ်သွားမှာဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

Middle East Monitor သတင်းဌာနပါ “Canada announces over US $12m in humanitarian aid for Syria” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ဆိုသည်။