လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ICJ မှာ အစ္စရေးကိုစွဲချက်တင်ထားတဲ့ တောင်အာဖရိကအမှုမှာ ကျူဘားလည်းပါဝင်လာ

လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အစ္စရေးကိုနိုင်ငံတကာတရားရေးခုံရုံး(ICJ) မှာစွဲချက်တင်ထားတဲ့ တောင်အာဖရိကအမှုမှာ ပူးပေါင်းပါဝင်သွားဖို့ ရည်ရွယ်ထားကြောင်း ကျူဘားက တရားဝင်ကြေငြာလိုက်တယ်လို့ တရားရုံးက ယမန်နေ့က ကြေငြာခဲ့ပါတယ်။

၎င်းအရေးကိစ္စဟာ ဂါဇာလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရာဇဝတ်မှု တားဆီးရေးနဲ့ ပြစ်ဒဏ်ခတ်မှုဆိုင်ရာ လျှောက်ထားမှုနဲ့သက်ဆိုင်ပါတယ်။ ICJ ကပြဌာန်းထားတဲ့ဥပဒေအစုအရ ပုဒ်မ၆၃ အောက်မှာ အဖွဲ့ဝင်နိုင်ငံဘယ်နိုင်ငံမဆို အမှုကိစ္စမှာ ကြားဝင်ပိုင်ခွင့်ရှိကြောင်း ဖော်ပြထားပါတယ်။ ဒီလိုအရေးကိစ္စတွေမှာ တရားရုံးရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ မူလအဖွဲ့ဝင်နိုင်ငံတွေအပြင် ကြားဝင်နိုင်ငံအားလုံးအပေါ် အကျူံးဝင်မှုဖြစ်လာပါတယ်။

ကျူးဘားဟာ ဂါဇာကမ်းမြောင်ဒေသရှိ လူမျိုးတုံးသတ်ဖြတ်မှုရာဇဝတ်မှုဆိုင်ရာ တားဆီးရေးနဲ့ ပြစ်ဒဏ်ခတ်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုလျှောက်ထားအရေးကိစ္စမှာ ကြားဝင်စွက်ဖက်မှုဆိုင်ရာ ကြေငြာချက်ကို တရားရုံးတွင် မှတ်ပုံတင်ခြင်း တင်သွင်းခဲ့ကြောင်း တရားရုံးထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တောင်အာဖရိကက အစ္စရေးအပေါ် ပဏာမစွဲချက်တင်လိုက်တဲ့ အဆိုပါအမှုဟာ ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး နီကာရာဂွာ၊ ကိုလံဘီယာ၊ လစ်ဗျား၊ မက္ကဆီကို၊ ပါလက်စတိုင်း၊ စပိန်၊ တူရကီ၊ အိုင်ယာလန်တို့အပါအဝင် နိုင်ငံအများအပြားက တောင်အာဖရိကဘက်ကနေပါဝင်လာခဲ့ပါတယ်။

Middle East Monitor သတင်းဌာနပါ “Cuba joins South Africa’s genocide case against Israel at ICJ” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ဆိုသည်။