ပါလက်စတိုင်းနယ်မြေမှာ ၁၅လ ကျော်ကြာစစ်ပွဲအဆုံးသတ်ဖို့ရည်ရွယ်ထားတဲ့ အစ္စရေးနဲ့ဟားမက်စ်ကြား အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေပြန်လွှတ်ရေး သဘောတူညီချက်ရရှိတဲ့သတင်းနဲ့အတူ ပါလက်စတိုင်းလူအုပ်တွေဟာ ပျော်ရွှင်စွာနဲ့ကြွေးကြော်ဟစ်ကြွေးနေကြပါတယ်။
အဆိုပါသဘောတူညီချက်ကို ကြားဝင်စေ့စပ်ညှိနှိုင်းပေးနေတဲ့ ကာတာက ဗုဒ္ဓဟူးနေ့ကကြေငြာခဲ့တာဖြစ်ပြီး အစ္စရေးကတာ့ တစ်ချို့အချက်တွေဟာ မဖြေရှင်းရပဲဆက်လက်ရှိနေတယ်လို့ သတိပေးထားပြီး မကြာခင်အဆုံးသတ် သဘောတူညီချက်ရဖို့ မျှော်လင့်ရပါတယ်။
ဒါပေမယ့် ဂါဇာမှာအဆိုပါသတင်းကြောင့် ပျော်ပွဲရွှင်ပွဲအခမ်းအနားတွေကျင်းပနေကြပြီး ကြေငြာချက်အထိမ်းအမှတ်အဖြစ် လူထုတွေဟာ အချင်းချင်းပွေ့ဖက်ကာ ဓာတ်ပုံတွေရိုက်နေကြပြီ ဖြစ်ပါတယ်။ “တစ်နှစ်ကျော်ကြာဒီအိမ်မက်ဆိုးကြီး နောက်ဆုံးမှာအဆုံးသတ်သွားပြီဆိုတာ မယုံနိုင်လောက်အောင်ပဲ ကျွန်တော်တို့လူတွေအများကြီးဆုံးရှုံးခဲ့ရပါတယ်။ ကျွန်တော်တို့အရာအားလုံး ဆုံးရှုံးခဲ့ရပါတယ်” လို့ ဂါဇာကနေ နယ်မြေအလယ်ပိုင်း နူဆီရက်ဒုက္ခသည်စခန်းကို ရွှေ့ပြောင်းလာခဲ့တဲ့ ရန်ဒါဆာမက်ဟ် ၄၅ နှစ်က ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့အများကြီးအနားယူဖို့လိုတယ်။ စစ်ပြေငြိမ်းရေးစတာနဲ့ ကျွန်တော့်ညီလေးနဲ့ မိသားစုဝင်တွေကို မြုပ်နှံ့ထားတဲ့ သင်္ချိုင်းဆီသွားမယ်။ သူတို့ကို ဒီရ်အလ်ဘာလာဟ်မှာ သေသေချာချာကောင်းကောင်းမွန်မွန်လေး မြုပ်မပေးနိုင်ခဲ့ဘူး။ သူတို့နာမည်တွေရေးထိုးထားတဲ့ အုတ်ဂူအသစ်လေးတွေလုပ်ပေးရမယ်” လို့ သူကဆက်လက်ပြောကြားခဲ့ပါတယ်။ စစ်ပွဲကြောင့်ထိခိုက်ဒဏ်ရာရသူတွေကို ကြည့်ရှုစောင့်ရှောက် ကုသပေးနေတဲ့ ဒီရ်အလ်ဘာလာဟ်ရဲ့ အလ်အက္ကဆာအာဇာနည်ဆေးရုံအပြင်ဘက်မှာ ပါလက်စတိုင်းရာနဲ့စုဝေးခဲ့ကြပြီး သီချင်းတွေသီဆိုကာ အလံတွေဝှေ့ယမ်းနေကြပါတယ်။
“ကျွန်တော်တို့အရာအားလုံးဆုံးရှုံးခဲ့ပေမယ့်လည်း ကျွန်တော်ပျော်ပါတယ်” လို့ ဂါဇာမြို့ရှိ ၂၇နှစ်အရွယ် အဗ္ဗဒူလ်ကာရင်မ်က ပြောပါတယ်။ “နောက်ဆုံးတော့ ကျွန်တော့်ဇနီးသည်နဲ့ကလေးနှစ်ဦးတို့ကို ပြန်တွေ့ရတော့မယ်ဆိုတာ မယုံနိုင်စရာပဲ သူတို့တွေ လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်က တောင်ပိုင်းကို ထွက်သွားကြတာ နေရပ်စွန့်ခွာသူတွေ အိမ်အမြန်ပြန်လာနိုင်ဖို့ သူတို့ခွင့်ပြုဖို့မျှော်လင့််ပါတယ်” လို့ သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က ကြေငြာခဲ့တဲ့သဘောတူညီချက်ဟာ ပါလက်စတိုင်းနယ်မြေအတွင်း တိုက်ပွဲတွေအဆုံးသတ်ဖို့ မျှော်မှန်းထားသလို ဂါဇာမှာထိန်းသိမ်းထားတဲ့ ဓားစာခံတွေကိုပြန်လွှတ်ပေးတဲ့အလဲအလှယ်အနေနဲ့ အစ္စရေးထောင်တွေထဲက ပါလက်စတိုင်းအကျဉ်းသားတွေကို လဲလှယ်ဖို့သဘောတူထားတာဖြစ်ပါတယ်။ ၂၀၂၃ အောက်တိုဘာ ၇ရက်နေ့မှာစတင်ခဲ့တဲ့ အစ္စရေးရဲ့ဂါဇာစစ်ပွဲကြောင့် ပါလက်စတိုင်း ၄၆၇၀၇ ဦးထက်မနည်းသေဆုံးခဲ့ရပြီး ၁၁၀၂၆၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဟားမက်စ်ဦးဆောင်တဲ့တိုက်ခိုက်မှုတွေအတွင်း အစ္စရေးဘက်က ၁၁၃၉ ဦးထက်မနည်းသေဆုံးခဲ့ရသလို ၂၀၀ ကျော်ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။
Al Jazeera သတင်းဌာနပါ “Thousands across Gaza celebrate ceasefire announcement” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ဆိုသည်။