မြန်မာရဲ့လွတ်မြောက်နယ်မြေတွေမှာ စီမံအုပ်ချုပ်ရေးက နောက်တစ်ဆင့်စိန်ခေါ်မှုတိုက်ပွဲဖြစ်နေ

အယ်လ်ဂျာဇီးယားသတင်းဌာနဟာ ကရင်ပြည်နယ်ရှိ မြန်မာစစ်တပ်ရဲ့ လွတ်မြောက်နယ်မြေတွေဆီ သွားရောက်လည်ပတ်ခဲ့ပြီး အဆိုပါနယ်မြေတွေမှာ အရပ်ဘက် အုပ်ချုပ်ရေး ထူထောင်ခြင်းဟာ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေအတွက် နောက်တဆင့် လုပ်ဆောင်ရမဲ့ တာဝန်တစ်ခုပဲဖြစ်ပါတယ်။

မြန်မာစစ်တပ်ကအာဏာသိမ်းပြီးနောက် ဒီမိုကရေစီပြန်လည်ရရှိရေးတောင်းဆိုခဲ့ကြတဲ့ ၂၀၂၁ခုနှစ်ကာလ ရန်ကုန်မြို့ကလမ်းတွေပေါ်မှာ လူပေါင်းသိန်းနဲ့ချီ ချီတက်ဆန္ဒပြမှုတွေကြား သော်ထီတစ်ယောက်လည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ “ကျွန်မတို့မှာဆိုင်းဘုတ်တွေပဲရှိတယ် သူတို့မှာက သေနတ်တွေနဲ့” လို့ ၂၀၂၁ခုနှစ် မတ်လတုန်းကဖြစ်ပျက်ခဲ့တဲ့ ခါးသီးဖွယ်ဖြစ်ရပ်တွေကို သူမကပြန်လည်ပြောပြခဲ့ပါတယ်။

လေးနှစ်တာကြာမြင့်လာပြီးနောက်မှာတော့ သော်ထီနဲ့ မြန်မာနိုင်ငံက သူမရဲ့မျိုးဆက်တွေအတွက် အများကြီးပြောင်းလဲခဲ့ပြီဖြစ်ပါတယ်။ မြန်မာစစ်တပ်က ဒီမိုကရေစီအရေးဆန္ဒပြသူတွေကို သွေးထွက်သံယိုဖြစ်တဲ့ထိ ဖိနှိပ်ဖြိုခွဲမှုတွေလုပ်ဆောင်ပြီး လူပေါင်းရာနဲ့ချီကို သတ်ဖြတ်မှုတွေလုပ်ဆောင် ခဲ့ပြီးနောက် လူငယ်လူရွယ်တွေဟာ မြန်မာရဲ့နယ်စပ်ဒေသတွေက တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသလို အိမ်နီးချင်း ထိုင်း အိန္ဒိယ နဲ့ တရုတ်နိုင်ငံတို့ဆီ ထွက်ပြေးတိမ်းရှောင်မှုတွေ လုပ်ခဲ့ကြရပါတယ်။ သော်ထီတစ်ယောက်လည်း တိမ်းရှောင်ခဲ့ရပါတယ်။ ကရင်လူမျိုးသွေးပါတဲ့သူမအတွက် ရွေးချယ်မှုက သိသာပါတယ်။

သူမဟာ မြန်မာရဲ့အရှေ့ပိုင်းကရင်ပြည်နယ်မှာ ၁၉၄၀ ခုနှစ်ဝန်းကျင်ကတည်းက ကရင်လူထုအတွက် နိုင်ငံရေးဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် လက်နက်ကိုင်နေတဲ့ မြန်မာနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအဖွဲ့ချုပ် (KNU) ထံမှာ ခိုလှုံခဲ့ပါတယ်။ ကရင်ပြည်နယ်မှာ မကြာသေးမီကပြုလုပ်ခဲ့တဲ့ အလ်ဂျာဇီးယားသတင်းဌာနနဲ့ အင်တာဗျူးအတွင်း သော်ထီက စစ်အာဏာသိမ်းမှုအတွက် သူမဘယ်လောက်ထိပြင်းပြင်းထန်ထန် ဒေါသဖြစ်ခဲ့ရလဲဆိုတာနဲ့ တော်လှန်ရေးစစ်သည်တစ်ဦး ဖြစ်လာချင်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။

KNU နယ်မြေအတွင်းသို့ အသစ်ရောက်ရှိလာသူအားလုံးဟာ လက်နက်ကိုင်သင်တန်း၊ ကြမ်းတမ်းတဲ့ မြေပြင်မှာ ခရီးဝေးချီတက်ခြင်းနဲ့ အခြေခံကိုယ့်ကိုကိုယ်ခုခံကာကွယ်ရေး စနစ်တို့ ပါဝင်တဲ့ အသက်ရှင်ရပ်တည်နိုင်ရေး သင်တန်းကို ခံယူကြရပါတယ်။ သေနတ်ပစ်ခတ်ခြင်းလေ့ကျင့်စဉ်မှာ စစ်တပ်က သူမရဲ့မိတ်ဆွေဆန္ဒပြသူတွေ အပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်တွေကို အင်အားမဲ့စွာကြည့်ခဲ့ရတဲ့ဖြစ်ရပ်တွေကို စိတ်ထဲသွင်းပြီး စိတ်ခွန်အားယူခံစားပြီး ကြိုးစားလေ့ကျင့်ခဲ့ကြောင်း သော်ထီက ပြောပြပါတယ်။ အခုတော့သူမရဲ့မျက်နှာမှာတွန့်ထားတဲ့အပြုံးကြီးတစ်ခုနဲ့ “ကျွန်မသေနတ်တွေကိုချစ်တယ်” လို့ ပြောလာပါတယ်။

ဒါပေမယ့်တိုတိုနဲ့ပေါ့ပေါ့ပါးပါးဖြစ်တဲ့ အခြေခံကျတဲ့အသက်ရှင်ရပ်တည်ရေးသင်တန်းကိုတောင် ပြီးမြောက်နိုင်ဖို့ သူမရုန်းကန်ခဲ့ရပြီး KNU ရဲ့ တကယ့်စစ်ဘက်ဆိုင်ရာသင်တန်းကို အောင်မြင်နိုင်မှာမဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ်။ “တော်လှန်ရေးနဲ့ပူးပေါင်းဖို့ ကျွန်မဒီကိုလာခဲ့တာ ဒါပေမယ့်အမျိုးသမီးတစ်ယောက်အနေနဲ့ အတားအဆီးတွေအများကြီးရှိနေတယ်” လို့ သူမကပြောပြခဲ့ပါတယ်။ “စိတ်ပိုင်းဆိုင်ရာအရ ကျွန်မလုပ်ချင်ပေမယ့် ရုပ်ပိုင်းဆိုင်ရာအရ ကျွန်မမတတ်နိုင်ပါဘူး” လို့ သူမကဆက်လက်ပြောကြားခဲ့ပါတယ်။

ပညာရေးနောက်ခံကောင်းမွန်မှုနဲ့ ကရင်စကားပြောဆိုနိုင်တာကြောင့် သော်ထီနဲ့ သူမရဲ့ခင်ပွန်းတို့ဟာ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ကလေးပေါင်း ၁၀၀ ကျော်အတွက် KNU အသိအမှတ်ပြု ကျောင်းတစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအပါအဝင် ကရင်ပြည်နယ်ရဲ့ အလားတူအများပြည်သူဝန်ဆောင်မှုတွေကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တဲ့သဘောထားတွေကြောင့် ကျောင်းကို မြန်မာနိုင်ငံအရှေ့ပိုင်းတောအုပ်ထဲမှာပဲ ဖုံးကွယ်ထားရပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုတွေဟာ ကရင်ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တရားဝင်ဖြစ်စေနိုင်တဲ့ ပေါ်ပေါက်လာသော အုပ်ချုပ်ရေးဖွဲ့စည်းပုံတွေကို ဖျက်ဆီးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

စစ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ကျောင်းတွေနဲ့မတူဘဲ ၎င်းရဲ့ကျောင်းဟာ ကလေးတွေကို ကရင်ဘာသာစကားနဲ့ သင်ကြားပေးနေပြီး ဆယ်စုနှစ်များစွာ ကြုံတွေ့နေရတဲ့ ကရင်လူမျိုးတွေရဲ့ ဖိနှိပ်ခံရမှုများ အပါအဝင် မြန်မာနိုင်ငံသမိုင်းကို ကရင်ဗဟိုပြုပုံစံနဲ့သင်ကြားပေးကြောင်း သော်ထီက ရှင်းပြခဲ့ပါတယ်။ ကရင်လူမျိုးတွေဟာ ၎င်းတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ဆယ်စုနှစ်နဲ့ချီ တိုက်ပွဲဝင်ခဲ့ကြပေမယ့် ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းလာကြတဲ့အခါ ဗမာအများစုဖြစ်တဲ့ မြန်မာစစ်တပ်နဲ့ ကရင်တို့ရဲ့ နှစ်ရှည်လများ ပဋိပက္ခဟာ ပိုပြီးပြင်းထန်လာပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့နှစ်မှာတင် မြန်မာစစ်တပ်ဟာ အနောက်ဘက်ရခိုင်ပြည်နယ်အားလုံးနီးပါးနဲ့ အရှေ့ဘက်က ရှမ်းပြည်နယ်မြောက်ပိုင်းတို့အပါအဝင် နယ်စပ်နယ်မြေအများအပြားကိုဆုံးရှုံးခဲ့ရသလို မြောက်ပိုင်းရှိ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာလည်း နယ်မြေအများအပြားစွန့်လွှတ်ခဲ့ရပါတယ်။ ဒါပေမယ့် တော်လှန်ရေးသမားတွေက နယ်မြေတွေပိုပိုပြီးသိမ်းယူလာလေလေ စီမံအုပ်ချုပ်ရေး စိန်ခေါ်မှုအသစ်တစ်ခုနဲ့ ရင်ဆိုင်နေကြရပါတယ်။

မတ်လတုန်းက သိမ်းယူနိုင်ခဲ့တဲ့ ကရင်ပြည်နယ် ကျိုက်ဒုံမြို့ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူနိုင်ခဲ့တဲ့ တစ်ခြားမြို့တွေလိုမျိုး ဆိုးရွားတဲ့လေကြောင်းတိုက်ခိုက်မှုတွေ ခံခဲ့ရခြင်းမရှိပါဘူး။ မကြာသေးမီက ကျိုက်ဒုံမြို့သို့ အလ်ဂျာဇီးယားသတင်းဌာနက သွားရောက်လည်ပတ်စဉ်အတွင်း မြို့တွင်းရှိ စားသောက်ဆိုင်တွေမှာ အရပ်သားတွေနဲ့ ကရင်တပ်သားတွေဟာ ဗမာဟင်းကို စားသုံးနေကြပါတယ်။ အိမ်သုံးပစ္စည်းတွေနဲ့ ကရင်ရိုးရာထည်တွေကို ဈေးဆိုင်တွေမှာ ဖွင့်လှစ်ရောင်းချလျက်ရှိပြီး အဓိက လမ်းမကြီးဟာ ယာဉ်ကြောပိတ်ဆို့နေပါတယ်။

KNU က ခန့်အပ်ထားတဲ့ အသက် ၃၃ နှစ်အရွယ် မြို့ရဲ့အုပ်ချုပ်ရေးမှူး ဦးစိုးခန့်က လွတ်မြောက်နယ်မြေအတွက် ၎င်းမှာအစီအစဉ် ကြီးကြီးမားမားရှိတယ် လို့ ဆိုပါတယ်။ “အများပြည်သူအလုပ်တွေအပြီးသတ်ဖို့ လုပ်ချင်ပါတယ်။ လျှပ်စစ်မီးရအောင်နဲ့ ရေလိုင်းသွယ်တန်းတာတွေလုပ်ချင်ပါတယ်။ ဒါ့အပြင် ပလပ်စတစ်တွေနဲ့ တောထနေတဲ့နေရာတွေကို သန့်ရှင်းရေး လုပ်ဆောင်ချင်ပါတယ်။” လို့ ပြည်ထဲရေးအုပ်ချုပ်ရေးမှူးအဖြစ် တရားဝင်ခန့်အပ်ခံခဲ့ရတဲ့ စိုးခန့်ကပြောပါတယ်။ ခန့်အပ်တာထက် လူထုကရွေးချယ်တာမျိုးကို သူကသဘောတူထားပါတယ်။ “လူတွေဆန္ဒရှိတယ်ဆိုရင် ဒီတာဝန်ကိုကျွန်တော်ယူပါ့မယ်။ သူတို့တစ်ခြားတစ်ယောက်ကိုရွေးမယ်ဆိုရင်လည်း ကျွန်တော်တာဝန်လွှဲပြောင်းပေးသွားပါမယ်” လို့ သူက အလ်ဂျာဇီးယားသတင်းဌာနကိုပြောကြားခဲ့ပါတယ်။

စစ်အစိုးရကဒီမြို့ကပြည်သူတွေကို လုံးဝလျစ်လျူရှုခဲ့တယ် လို့ စိုးခန့်က ပြောပါတယ်။ ကျိုက်ဒုံမှာ ကြီးပြင်းလာခဲ့တဲ့ စိုးခန့်က သူအရွယ်ရောက်လာတဲ့အခါ ဓာတ်ပုံဆရာတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်း ပြုပြီး မင်္ဂလာဆောင်ပွဲတွေရိုက်ကူးရေးလုပ်ဆောင်ခဲ့ရကြောင်း အလ်ဂျာဇီးယားသတင်းဌာနကို ပြောပါတယ်။ ဒါပေမယ့် ၂၀၂၀ခုနှစ်မှာ ကိုဗစ်ကပ်ရောဂါဘေးကြောင့် သူဟာလူမှုဝန်ထမ်းစောင့်ရှောက်ကူညီရေးအဖွဲ့အစည်း တစ်ခုထူထောင်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာတော့ အခြေအနေကပိုပြီးတော့ ဆိုးရွားသွားခဲ့ပါတယ်။

“ကျန်းမာရေးစောင့်ရှောက်မှုစနစ်ပြိုလဲသွားပြီး ကျွန်တော့်သူငယ်ချင်းတွေနဲ့ကျွန်တော်က လူတွေကိုကူညီစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလုပ်ခဲ့ကြပါတယ်” လို့ သူကပြောကြားခဲ့ပါတယ်။ စိုးခန့်ဟာ စင်ပြိုင်အုပ်ချုပ်ရေး လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး အသစ်အဆန်းဖြစ်နေပေမယ့်လည်း KNU ဟာ ဆယ်စုနှစ်နဲ့ချီ ဒီလိုပဲလည်ပတ်လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။အများအားဖြင့် ၎င်းတို့ထိန်းချုပ်ထားနိုင်တဲ့ ကျေးလက်ဒေသငယ်လေးတွေမှာရှိနေပါတယ်။

လက်ရှိရာထူးတာဝန်အတွက် ရွေးကောက်မခံရခင် ကော့ကရိတ်မြို့ရဲ့အတွင်းရေးမှူးဖြစ်တဲ့ ဦးမြအေးဟာ ၁၂နှစ်ကြာ ကျေးရွာခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ သူဟာမြို့မှာ တတိယမြောက် စီနီယာအကျဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ နှစ်နဲ့ချီတဲ့ စစ်ပွဲတွေနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ချို့တဲ့မှုတွေက ဒေသတွင်းစီးပွားရေးကို အဟန့်အတားဖြစ်စေခဲ့ပြီး KNU ရဲ့ ပြည်သူ့ဝန်ဆောင်မှုပေးစွမ်းနိုင်မှုကို ထိခိုက်စေခဲ့ကြောင်း ၎င်းက အလ်ဂျာဇီးယားသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

“စက်ရုံတွေမရှိဘူး၊ စက်မှုလက်မှုလုပ်ငန်းတွေလည်းမရှိဘူး၊ မိသားစုကို ထောက်ပံ့ဖို့ ဒီမှာ အလုပ်မလုပ်နိုင်ဘူး” လို့ ၎င်းက ရှင်းပြကာ ပဋိပက္ခတွေနဲ့ ခက်ခဲမှုတွေကြောင့် လူငယ်တွေဟာ အနီးနားရှိ ထိုင်းနိုင်ငံမှာ နေထိုင်ဖို့ ပြောင်းရွှေ့လာကြကြောင်း ၎င်းက ရှင်းပြပါတယ်။ ဒါပေမယ့် စစ်အစိုးရရဲ့ရက်စက်မှုက ၎င်းတို့အတွက် အဆိုးဆုံးရန်သူကိုကိုယ့်ဘာသာကိုယ်ဖန်တီးနေသလိုပဲဖြစ်ပါတယ်။ ဒီရက်စက်တဲ့ လုပ်ရပ်တွေကြောင့်ပဲ ခုခံတော်လှန်ရေးအတွက်စိတ်အားထက်သန်မှုတွေ ပိုမိုဖန်တီးပေးစေခဲ့သလို လူ့အရင်းအမြစ်တွေကို လက်နက်ကိုင်အခြေအနေထဲ တွန်းပို့သလို ဖြစ်လာစေခဲ့ပါတယ်။

မြန်မာရဲအရာရှိဟောင်း ဝင်းထွန်း ၃၃ နှစ်ဟာ အမိန့်ကိုလိုက်နာပြီး ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးဖိနှိပ်ဖို့လုပ်ဆောင်မဲ့အစား KNU နဲ့ပူးပေါင်းခဲ့ပါတယ်။ “ကျွန်တော်ငယ်ငယ်လေးကတည်းက အမြဲတမ်း ရဲအရာရှိတစ်ဦး ဖြစ်ချင်ခဲ့တာ” လို့ ဝင်းထွန်းကပြောပါတယ်။ “ရဲတွေက စိတ်ထားကောင်းပြီး လူတွေကို ကူညီကယ်တင်ဖို့ ကြိုးစားတယ်လို့ ယုံကြည်ခဲ့တာ” လို့သူကဆိုရင်း လက်တွေ့မှာတော့ အကျင့်ပျက်ခြစားမှုတွေ ဖိနှိပ်မှုတွေနဲ့ ပြစ်ဒဏ်မခတ်ခံရတဲ့ ယဉ်ကျေးမှုကြီးသာ ကြီးစိုးနေကြောင်း သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။

ဗမာလူမျိုးဖြစ်တဲ့ ဝင်းထွန်းက ရဲတပ်ဖွဲ့အာဏာပိုင်တွေက သူတို့ရဲ့ ကရင်လုပ်ဖော်ကိုင်ဖက်တွေကို အရမ်းကိုမမျှမတဆက်ဆံခဲ့တယ်လို့ ပြောပါတယ်။ “သူတို့အမှားသေးသေးလေးလုပ်မိရင်တောင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရတယ်” လို့ ရဲစခန်းကိုတစ်နာရီနောက်ကျပြီးပြန်ရောက်လာတဲ့ ကရင်ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ထောင်ထဲ၂၄နာရီ ပိတ်ထားခဲ့တဲ့အဖြစ်အပျက်ကို သူက ပြန်လည်ပြောပြခဲ့ပါတယ်။ ၁၀နှစ်ကြာ ရဲအရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း နုတ်ထွက်စာအကြိမ်ကြိမ် တင်ခဲ့ကြောင်း ဝင်းထွန်းကပြောပါတယ်။ အကြိမ်တိုင်းမှာလည်း ပယ်ချခံခဲ့ရတယ်လို့ သူကဆိုပါတယ်။

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက် သူဟာဇနီးသည်နဲ့သမီးဖြစ်သူတို့နဲ့အတူ ကရင်ထိန်းချုပ်နယ်မြေထဲ ထွက်ပြေးခဲ့ပါတယ်။ သူဟာအဲဒီမှာနောက်ခံ စစ်ဆေးခံခဲ့ရပြီး လေ့လာစဉ်ကာလအတွင်း ယုံကြည်မှု တည်ဆောက်ခဲ့ကြောင်း ပြောပါတယ်။ အခုတော့သူဟာ KNU ရဲ့ ရဲတပ်ဖွဲထဲ အပြည့်အ၀၀င်ရောက် တာဝန်ထမ်းဆောင်နိုင်ပြီဖြစ်ပါတယ်။ စစ်တပ်ရဲ့ရက်စက်မှုတွေကိုတုံ့ပြန်ရင်း တော်လှန်ရေးဟာ အောင်မြင်မှုလက်တစ်ကမ်းဆီ ရောက်ရှိလာမှုနဲ့အတူ ပညာတတ်လူငယ်လူရွယ်တွေဖြစ်တဲ့ သော်ထီ တို့လိုလူတွေနဲ့ ဝင်းထွန်းတို့လို အစိုးရအလုပ်ထဲနှစ်နဲ့ချီလုပ်ခဲ့သူတွေဟာ လွတ်မြောက်နယ်မြေအသစ်တွေရဲ့ လစ်ဟာနေတဲ့ စီမံအုပ်ချုပ်ရေးပိုင်းတွေကို ဖြည့်ဆည်းပေးဖို့ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် စစ်အစိုးရကိုဖြုတ်ချဖို့ တိုက်ပွဲဟာ လတစ်ချို့ဒါမှမဟုတ် နှစ်တစ်ချို့ကြာမြင့်နိုင်တယ်လို့ အများစုကတွေးထားကြပါတယ်။ ရှုံးနိမ့်မှုအများအပြားနဲ့ကြုံနေရပေမယ့်လည်း တစ်ခြားခန့်မှန်းလို့မရသေးတဲ့ အခက်အခဲတွေကြောင့် မြန်မာစစ်တပ်ဟာ ထိန်းထားနိုင်နေဆဲဖြစ်ပါတယ်။ ဒါဟာပင်ပန်းငြီးငွေ့ဖွယ်ကောင်းတဲ့ ပုံသေအလုပ်တစ်ခုလိုဖြစ်လာနေတယ် လို့ သော်ထီကပြောပါတယ်။ တော်လှန်ရေးရဲ့ အောင်မြင်မှုတွေ ရှိလာပေမယ့် ချို့ယွင်းချက် အားနည်းချက်တွေလည်း ဆက်လက်ရှိနေတယ်လို့ သူမကဆိုပါတယ်။ “ကျွန်မတို့တော်လှန်ရေးအရှိန်အရမ်းကောင်းလာနေတယ်လို့ခံစားနေရပေမယ့် ခရီးသိပ်မရောက်သေးပါဘူး” လို့ သူမကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။

Al Jazeera သတင်းဌာနပါ “Myanmar’s rebels liberate territory – administrating it is the next battle” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ဆိုသည်။