သူငယ်တန်းမှာ ကကြီးခခွေးသင်ပြီး စာဖတ်တတ်တဲ့ ပထမတန်းရောက်တာနဲ့၊ မျက်စေ့ရှေ့ရောက်တာမှန်သမျှ စာလုံးပေါင်းပြီး ဖတ်နေခဲ့တယ်။ ခလေးသဘာဝအတိုင်း အကြိုက်ဆုံးက ကာတွန်းတွေဖြစ်တယ်။ ကာတွန်းကိုတော့ အခုလည်း ကြိုက်နေတုန်းပါ။
မှတ်မှတ်ရရ လေးတန်းလောက်ကစပြီး သတင်းစာတွေကို နေ့စဉ်စွဲစွဲမြဲမြဲ ဖတ်လာတယ်။ ကျနော်နေတဲ့ နယ်မြို့လေးကို ရန်ကုန်က မနက်ထွက်လာတဲ့ စာပို့ရထား(အဲဒီတုန်းက စာတွေ/ချောစာတွေလည်းပို့လို့ စာပို့ချောရထားလို့လည်း ခေါ်တယ်။)က ညနေလေးနာရီဆိုက်တယ်။ ကျနော့သူငယ်ချင်းအစ်ကိုက သတင်းထောက်ဆိုတော့ သတင်းစာကိုယ်စားလှယ်လည်း ရတယ်။ သူငယ်ချင်းက သတင်းစာပို့တဲ့ အလုပ်လုပ်တယ်။ သူပို့တဲ့အထိစောင့်ရင် အိမ်ကိုညနေခြောက်နာရီကျော်မှ ရမယ်ဖြစ်လို့ မစောင့်နိုင်ဘူး။ နေ့တိုင်း စာပို့ရထားကို သူနဲ့အတူ သွားစောင့်တယ်။ အဲဒီမှာတင် သတင်းစာထုတ်ဖြည်ပြီး ကုက္ကိုလ်ပင်ရိပ်မှာပဲ သတင်းတွေကို အငမ်းမရ ထိုင်ဖတ်ဖြစ်တာများတယ်။
မြို့စာကြည့်တိုက်မှာ စာဖတ်လွန်း၊ အချိန်ပေးလွန်းလို့ “မင်းလောက်စာကြည့်တိုက်မှာ လာထိုင်နိုင်သူ မရှိဘူး။ မင်းပဲ စာကြည့်တိုက်မှူးလုပ်”ဆိုပြီး ခြောက်တန်းမှာ စာကြည့်တိုက်ထိုးအပ်လိုက်တဲ့အတွက် လစာမဲ့စာကြည့်တိုက်မှူး လုပ်ခဲ့ရတယ်။ အဲဒီတုန်းက စာအုပ်တွေက အခုလို မများဘူး။ သို့သော် စာကြည့်တိုက်မှာ ရှိတဲ့စာအုပ်တွေ အကုန်ခွဖတ်တယ်။ ရသစာပေ၊ ကဗျာတွေကို နှစ်သက်ပေမယ့် အချိန်မပေးနိုင်လို့၊ လစဉ်ထုတ် သတင်းစာ မဂ္ဂဇင်းတွေအပါအဝင် ဆင်ဖြူကျွန်းအောင်သိန်း၊ မြသန်းတင့်၊ ဗန်းမော်တင်အောင်၊ ဒဂုဏ်ရွှေမျှား၊ ပါရဂူ၊ မင်းသိခ်နဲ့ ဘာသာပြန်စာပေတွေကို အငန်းမရ ပိုဖတ်ခဲ့တယ်။ အဲဒီကာလ ခေတ်လူငယ်တွေရဲ့ထုံးစံအတိုင်း အနုပဋိလောမရုပ်ဝါဒအပါအဝင် လက်ဝဲစာပေတွေကို ပိုဖတ်ဖြစ်တယ်။ စာကြည့်တိုက်ကသေးတော့ ဖတ်စရာမရှိတော့ရင် သမိုင်း၊ ဘာသာရေးတွေ ဖတ်ခဲ့ပြန်တယ်။ အဲဒီတုန်းက စာရေးဆရာပေါင်းစုံရဲ့ ဗုဒ္ဓဘာသာစာပေတွေပဲ ဖတ်ခဲ့ရတာပါ။ ၅၅၀တင်မက ဝိပသနာကျမ်းတွေလည်း ဖတ်ဖြစ်ခဲ့တယ်။ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူဘာသာရေး စာအုပ်စာပေတွေက သိပ်လည်း မရှိသလို ဖတ်လည်း မဖတ်ခဲ့ရဘူး။
စာဖတ်လွန်းလို့ မျက်လုံးမခံနိုင်ပဲ မျက်ရည်ကျလာတယ်။ မျက်ရည်ကျလို့ မဖတ်နိုင်တာကို စိတ်မရှည်နိုင်တော့ နည်းလမ်းထွင်ရတယ်။ မျက်လုံးသက်သာတာနဲ့ မျက်လုံးတစ်ဘက်ကို လက်နဲ့ပိတ်၊ နောက်လက်တစ်ဘက်က စာအုပ်ကိုင်ပြီး ဖတ်တယ်။ ဖတ်နေတဲ့မျက်လုံးက မျက်ရည်ကျလာရင် အဲဒီမျက်လုံးကို လက်နဲ့ပိတ်လိုက်ပြီး နောက်မျက်လုံးနဲ့ စာဆက်ဖတ်ခဲ့တယ်။
ငယ်စဉ်က အဖြစ်ချင်ဆုံးက သတင်းထောက် မဟုတ်ဘူး။ သတင်းစာအယ်ဒီတာဖြစ်တယ်။ သိန်းဖေမြင့်၊ တက်တိုး၊ သာဂဒိုး၊ ဇဝန၊ အထောက်တော်လှအောင်၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ ဂါးဒီးယန်း ဦးစိန်ဝင်းတို့ရေးတာတွေကို ဖတ်ရင်း၊ ငါဆိုရင် ပိုကောင်းအောင် ဘယ်လိုပြောင်းရေးလိုက်မယ်လို့တောင် ဘဝင်မြင့် စိတ်ကူးယဉ်ခဲ့တယ်။
ရန်ကုန်တက္ကသိုလ် ဘူမိတက်တော့ ကျနော့စာသင်ခန်းတစ်ဝက်က ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် ဖြစ်နေပြန်တယ်။ သတင်းစာအဟောင်းတွေကို အငမ်းမရ ရှာဖတ်တယ်။ အဲဒီတုန်းက ပါလီမန်မှာ အမတ်တွေ အပြန်အလှန်ပြောကြတာကို သိပ်သဘောကျတယ်။ အကြိုက်ဆုံးတစ်ခုက ဘုတလင်အမတ် ဦးသိန်းဖေမြင့်နဲ့ ညောင်လေးပင်အမတ် သံမဏိဗိုလ်ခင်မောင်ဖြစ်တယ်။ ဗိုလ်ခင်မောင်က “ဖဆပလကြီးကွဲတာ သိန်းဖေမြင့် ခလောက်ဆန်လို့” စွပ်စွဲတယ်။ ဦးသိန်းဖေမြင့်က “သဘာပတိကြီးခင်ဗျား၊ ဖဆပလဆိုတဲ့ ပါတီကြီးက ကျနော်သိန်းဖေမြင့်ကြောင့် ကွဲရပါတယ်ဆိုရင် ဒီဖဆပလက အင်မတန်သနားစရာကောင်းတဲ့ ဖဆပလဖြစ်နေပြီ”လို့ တုန့်ပြန်ခဲ့တယ်။
သတင်းစာဟောင်းတွေမှာ သတင်းတွေအပြင် ဦးဘဘေ၊ ထွန်းနေ့စဉ် ဦးထွန်းဖေ၊ ဗမာ့ခေတ် ဦးအုန်းခင်၊ မိုးကြိုးဦးအုန်းခင်၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ ရွှေဥဒေါင်း၊ ငွေဥဒေါင်းစသဖြင့်တို့ ရေးခဲ့တဲ့ သတင်းခေါင်းကြီးတွေ၊ သတင်းဆောင်းပါးတာတွေကို လိုက်ရှာဖတ်နေခဲ့မိတယ်။ သူတို့ရေးပုံတွေကို နှိုင်းယှဉ်နေမိတယ်။
မြန်မာ့နိုင်ငံရေးသမိုင်းဖြစ်စဉ်တွေကို မီဒီယာတွေကတဆင့် ဘက်ပေါင်းစုံ၊ ရှုဒေါင့်ပေါင်းစုံက ဖတ်နေရတာက ဆေးရောင်စုံမြင်ကွင်းကျယ်ပိတ်ကားကြီးမှာ ကြည့်လိုက်ရသလို အားရပါးရ ရှိလှတယ်။ (ရှေးက ရုပ်ရှင်ရုံတွေမှာ အဖြူအမဲရုပ်ရှင် အကွက်သေးသေးလေးတွေ ကြည့်နေရာကနေ ဆေးရောင်စုံမြင်ကွင်းကျယ်တွေကို အဆင့်တက်လာတဲ့အခါ “ဆေးရောင်စုံ မြင်ကွင်းကျယ်”ဆိုပြီး ကြေညာခဲ့တယ်။) ပါတီစွဲ၊ အုပ်စုစွဲ မထားပဲ တိုင်းပြည်မျက်နှာ လူထုမျက်နှာသာကြည့်တဲ့ စတုတ္ထမဏ္ဏိုင် သတင်းစာကို အင်မတန် အသည်းစွဲခဲ့တယ်။ မတူတဲ့အမြင်တွေကို ရှာဖွေပြီး ချစ်ချင်းမုန်းခြင်း မရှိ၊ အုပ်စုမဖွဲ့၊ ဘက်မလိုက်ပဲ လူထုအကျိုးအတွက် ရဲရဲဝန့်ဝန့် ရေးသားရတာ မီဒီယာရဲ့တာဝန်ဖြစ်တယ်။
သတင်းစာသမားဖြစ်ချင်ခဲ့ပေမယ့် ၁၉၆၂မှာ အသက်ရှစ်နှစ်သာရှိပြီး နယ်မြို့လေးမှာ ကြီးပြင်းလာခဲ့ရတဲ့ ကျနော့ဘဝသက်တန်း တလျှောက်လုံးက မဆလနဲ့ စစ်အစိုးရ အဆက်ဆက်အောက်ဖြစ်နေတော့ ကျနော်ဖြစ်ချင်တဲ့ ဘက်မလိုက်၊ သိက္ခာရှိတဲ့ သတင်းသမားဖြစ်ခွင့်က အိပ်မက်အဆင့်နဲ့ပဲ ရပ်ခဲ့ရတယ်။
သို့သော် မီဒီယာပိုးက မသေဘူး။ ရှင်သန်ဆဲဖြစ်တယ်။ ကနေ့အထိ နေ့တိုင်းအနည်းဆုံး မြန်မာမီဒီယာဆယ်ခုနဲ့ နိုင်ငံတကာမီဒီယာ အနည်းဆုံး အခုနှစ်ဆယ်ကို နာရီများစွာ အချိန်ပေးကြည့်နေ၊ ဖတ်နေတယ်။ တော်ရုံမီဒီသမားက ကျနော့လောက် ဇွဲကောင်းမယ်၊ အချိန်ပေးမယ် မထင်ဘူး။ နိုင်ငံရေးသမား၊ အက်တီးဗစ်နဲ့ မီဒီယာသမား မတူဘူး။ gender equality လိင်မခွဲခြားရေး၊ ပတ်ဝန်းကျင်၊ အမျိုးသမီး၊ အလုပ်သမား၊ လယ်သမား၊ ခလေး၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံရေးအကျဉ်းသား၊ လူ့အခွင့်အရေးစတဲ့ နယ်ပယ်အသီးသီးက အက်တီးဗစ်တွေအတွက် သူ့အဓိက တာဝန်က သူလုပ်နေတဲ့နယ်ပယ်မှာပဲ အာရုံစူးစိုက်ကြရတယ်။ သူ့နယ်ပယ်ကို ထိခိုက်လာရင် အသည်းအသန် ကာကွယ်ရတယ်။ တခါတလေမှာ အက်တီးဗစ်ချင်းလည်း အကျိုးစီးပွါး ဆန့်ကျင်တာမျိုး ဖြစ်နေတယ်။ ဥပမာ သဘာဝပတ်ဝန်းကျင် ကာကွယ်သူနဲ့ အလုပ်သမား၊ လယ်သမားရေး ကာကွယ်သူတို့ အချင်းချင်း ထိပ်တိုက်ဖြစ် ရင်ဆိုင်ရတာလည်း ရှိနေတတ်တယ်။
နိုင်ငံရေးသမားကျတော့ အပေါ်ကအက်တီးဗစ်တွေလုပ်တာ အကုန်လုံးကို လက်ခံပြီးမြင်ရသလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လည်း ခြုံမြင်ရတာဖြစ်တယ်။ ဥပမာ ဆည်ဆောက်ရင် တိုင်းပြည်တိုးတက်ဖို့ လျှပ်စစ်ရလို့ ကောင်းသလို လယ်သမားတွေ၊ ပြည်သူတွေဘက်က နစ်နာသွားတာကိုလည်း ထည့်တွက်ရတယ်။ နှစ်ခုလုံးရွေးလို့ မရဘူး။ တစ်ခုရွေးရင် နောက်တစ်ခုမှာ sacrifice နစ်နာဆုံးရှုံးခံရတာကို သိလျှက်နဲ့ လုပ်ရသူဖြစ်တယ်။ အကျိုးအပြစ်တွေအားလုံးကို ချိန်ဆပြီး တစ်ခုကို သာစေရင် နောက်တစ်ခုကို နာစေရသူဖြစ်တယ်။ နောက်ပြီး တိုင်းပြည်လုံခြုံရေး၊ ပထဝီနိုင်ငံရေးတွေကိုလည်း ထည့်သွင်းစဉ်းစားရပြန်တယ်။ မှန်တိုင်း၊ ကြိုက်တိုင်းလုပ်လို့ မရဘူး။ သိပ်မမှန်တာ၊ သိပ်မကြိုက်တာတွေကိုလည်း တိုင်းပြည်ရေရှည်အကျိုးအတွက် လိုအပ်ရင် လုပ်ရပြန်တယ်။
မီဒီယာသမားကျတော့ အက်တီးဗစ်၊ နိုင်ငံရေးသမားတွေ နှစ်ခုလုံးမှာရှိနေတဲ့ အမြင်တွေနဲ့ လူထုရဲ့အမြင်တွေကိုပါ ထည့်သွင်းစဉ်းစားပြီး ဘက်အားလုံးက အယူအဆတွေကို အစွဲမထား၊ ဘက်မလိုက်ပဲ ထင်ဟပ်ဖော်ပြသူဖြစ်တယ်။သူက အက်တီးဗစ်တွေ သူ့ကဏ္ဏ သူကာကွယ်နေသလို၊ နိုင်ငံရေးသမားတွေ ကိုယ့်လမ်းစဉ် ကိုယ့်လုပ်ဆောင်ချက်ကို ကာကွယ်သလို လုပ်လို့မရဘူး။
မဆလလမ်းစဉ်နဲ့အတူ စစ်အေးကာလ ဆိုရှယ်လစ်ဇင်း၊ ကွန်မြူနစ်ဇင်းတွေ ခေတ်စားလာတဲ့အချိန်မှာ တက်တိုး၊ သာဂဒိုး၊ ဇဝန၊ မောင်သာနိုး၊ မောင်သော်က၊ သိန်းဖေမြင့်၊ အောင်လင်း၊ မောင်စွမ်းရည် ဗန်းမော်တင်အောင်၊ မြသန်းတင့်တို့ခေတ်က Arts for Arts Sake နဲ့ Arts for People’s Sake အနုပညာသည် အနုပညာအတွက်နဲ့ အနုပညာသည် ပြည်သူအတွက်ဆိုပြီး စာပေတိုက်ပွဲဆင်ခဲ့တယ်။ မီဒီယာမှာလည်း Non-aligned Media နဲ့ Media for People မီဒီယာသည် ဘက်မလိုက်ရဘူးနဲ့ မီဒီယာသည် ပြည်သူဘက်က လိုက်ရမယ်ဆိုပြီး ငြင်းခုန်ခဲ့ကြတယ်။
အဲဒီတုန်းက ငယ်ရွယ်စဉ်လည်းဖြစ်၊ လက်ဝဲစာပေတွေကိုလည်း ကြိုက်ခဲ့လို့ အနုပညာနဲ့ မီဒီယာကို အခုလောက် နက်နက်နဲနဲ မမြင်နိုင်တော့ အနုပညာနဲ့ မီဒီယာက ပြည်သူအတွက်လို့ မြင်ခဲ့တယ်။ အမှန်က အနုပညာနဲ့ မီဒီယာဆိုတာ ဘာမှန်းမသိခဲ့လို့သာဖြစ်တယ်။ နှစ်ခုလုံးက လူတွေအတွက်သာ ဖြစ်ပါတယ်။ သို့သော် အနုပညာကို အနုပညာလို ခံစားမှ အနုပညာမည်တယ်။ မီဒီယာကို မီဒီယာလိုရေးမှ မီဒီယာဖြစ်တယ်။
ကနေ့မြန်မာပြည်မှာ ရှိနေသော မီဒီယာတွေထဲမှာ ဘက်မလိုက်သော မီဒီယာဆိုတာ မရှိဘူး။ မတွေ့မိဘူး။ ဘက်များများလိုက်တဲ့ မီဒီယာနဲ့ ဘက်နည်းနည်းလိုက်တဲ့ မီဒီယာလောက်ပဲ ခြားနားကြမယ်။
မြန်မာပြည်မှာ ရန်သူဖြစ်လို့ မုန်းစေ၊ ချစ်သူဖြစ်လို့ ဖုံးစေတဲ့ မီဒီယာမျိုးမဟုတ်ပဲ တကဲ့ကို ဘက်မလိုက်သော မီဒီယာစစ်စစ် ပေါ်ထွန်းစေချင်တယ်။
ဦးအောင်တင်